Allanah Hines
ကျွန်မမှာ သူမတူတဲ့ အမြင်တစ်ခုရှိပါတယ်- ကျွန်မတို့ ကုမ္ပဏီနဲ့ ညွှန်ကြားရေးမှူးဘုတ်အဖွဲ့ကို ကိုယ်စားပြုဖို့ရာမှာ လိုအပ်တဲ့ အမြင်တစ်ခုပေါ့- ဒီအမြင်ဟာ ဆယ်နှစ်ကျော် အတွေ့အကြုံရှိတဲ့ အာဖရိကန် အမေရိကန် ပိုင်ရှင်အလုပ်သမားတစ်ယောက်ရဲ့ အမြင်ဆိုရင်လည်း မမှားပါဘူး။
ဆက်သွယ်ရန် အချက်အလက်များ– allanah.h@weaverstreetmarket.coop သို့မဟုတ် Teams မှတစ်ဆင့် စာပို့ပါ။
Alannah Hines ပိုင်ရှင် အလုပ်သမား အရွေးချယ်ခံသူများ၏ အဆိုများ-
- အလုပ်အကိုင်နဲ့ လူ့အဖွဲ့အစည်းအတွင်း ပါဝင်လှုပ်ရှားမှုများကို ဖော်ပြပါ-
အလုပ်အကိုင်- Weaver Street Market ၏ FoodHouse နေရာအတွက် ဒေတာ ညှိနှိုင်းရေးမှူး။
ဒီရာထူးရဲ့ တာဝန်တွေဟာ ကျွန်မကို ထုတ်ပိုးမှုအတွက် ရင်းမြစ်များ ရှာဖွေခြင်း၊ ကုန်ကြမ်းများဝယ်ယူခြင်းနဲ့ ထုတ်ကုန်ပါဝင်မှု အညွှန်းများ ဖြည့်စွက်ခြင်း စတာတွေကို လုပ်ခြင်းဖြင့် ထုတ်လုပ်ရေး စီမံခန့်ခွဲမှူးတွေအတွက် အထောက်အပံ့ စနစ်တစ်ခုအဖြစ် ပံ့ပိုးပေးနိုင်စေပါတယ်။ ဒီရာထူးမှာ ပါဝင်တဲ့ များစွာသော တာဝန်များမှာတော့ ဒေတာဘေ့စ် အချက်အလက်ဖြည့်ခြင်း၊ အရောင်းမြှင့်တင်ရေး ပြက္ခဒိန်များ ညှိနှိုင်းခြင်းနဲ့ အရောင်းရေစီးကြောင်းများအား နောက်ယောင်ခံခြင်းတို့အပြင် အခြားသော တာဝန်များလည်း ပါဝင်၍ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတာဝန်များစွာ ပါဝင်ပါသည်။ ဒီလိုနေ့စဉ်လုပ်ငန်းတာဝန်တွေအပြင် ထုတ်လုပ်မှုဆော့ဖ်ဝဲ အသစ်တွေကို စစ်ဆေးခြင်း၊ စတင်ထည့်သွင်း အသုံးပြုခြင်း၊ လက်ရှိ အသုံးပြုနေသည့် စနစ်များနဲ့ ကိုက်ညီတဲ့ အစားအစာ စွန့်ပစ်စနစ်များ ဖော်ဆောင်ခြင်း၊ ရောင်းသူများကို လျင်မြန်စွာ ရှာဖွေ ဝယ်ယူခြင်းနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ပိုမို ချောမွေ့စေခြင်း စတာတွေ ပါဝင်တဲ့ အထွေထွေ စီမံကိန်းတွေမှာလည်း အရာရောက်တဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်ခွင့်တွေလည်း ရရှိမှာ ဖြစ်ပါတယ်။
Weaver Street အတွင်း လူထုပါဝင်မှု- Weaver Street Market E.Q.U.I.T.Y ကို စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ လျင်မြန်စွာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ သမဝါယမ လုပ်ငန်း၏ ရှုထောင့်အားလုံးမှာ အားလုံးအတွက် အကျုံးဝင်တဲ့ ဝန်းကျင်တစ်ခုဖြစ်လာဖို့အတွက် ပထမဆုံးခြေလှမ်းတွေလှမ်းဖို့ မဟာမိတ်တွေလည်း ဖွဲ့ခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်အားထက်သန်ရာလည်းဖြစ်တဲ့ ကျွန်မရဲ့ အဓိကတာဝန်တစ်ခုကိုအဖွဲ့ကနေ ထပ်မံ ချဲ့ထွင်ပေးလိုက်ခြင်းဖြင့် ကျွန်မတို့ သမဝါယမ လုပ်ငန်းရဲ့ လက်လှမ်းမီနိုင်တဲ့ နယ်ပယ်တွေကို ချဲ့ထွင်ပေးရာလည်းရောက်ပြီး တစ်နိုင်ငံလုံးရဲ့ ပြည်သူတွေပိုမိုကျန်းမာစေရန် လူထု လက်တွဲဖော်လုပ်ငန်းရှင်တွေနဲ့လည်း ယှဉ်တွဲ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့တော့ ဒါဟာ ကျွန်မတို့ သမဝါယမ လုပ်ငန်းရဲ့ အမြဲတမ်းရှိနေမယ့် စီမံကိန်းတစ်ခုလို့ မြင်ပါတယ်။ အကြောင်းကတော့ ဖယ်ကြဉ်ထားခံရတဲ့ လူ့အဖွဲ့အစည်းတွေကို ဖိနှိပ်ခြင်းအပေါ်မှာ များစွာ အခြေခံထားတဲ့ နိုင်ငံတကာ ဈေးကွက်ကို ပြန်လည်ပုံသွင်းဖို့အတွက် ဥပမာတစ်ရပ်အနေနဲ့ ရပ်တည်နိုင်စွမ်းရှိနေလို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်မဟာ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပေါ်နေတဲ့ အစားအစာ မလုံလောက်မှုကို လျှော့ချချင်တဲ့ ကျွန်မရဲ့ စိတ်အားထက်သန်မှုနဲ့ တိုးတက်လာတဲ့ လူ့အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ရန် ကျွန်မတို့ သမဝါယမ လုပ်ငန်းရဲ့ အစားအစာ ထောက်ပံ့မှု ကွင်းဆက်တွင်း မရှိမဖြစ် လိုအပ်တဲ့ တာဝန်တွေကို ပေါင်းစည်းဖို့ ကြိုးစားနေပါတယ်- အခုအချိန်မှာဆိုရင် ကျွန်မတို့ဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေနဲ့ ၎င်းတို့ကို ရရှိင်မှုတို့ဟာ ဘဝအတွက် အဆင်သင့်ဖြစ်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း အားလုံးထပ်တူ အသိအမှတ်ပြုလာကြပြီလေ။ ဒါ့အပြင် ကျွန်မဟာ ဒီသမဝါယမလုပ်ငန်းနဲ့ ပူးတွဲပြီး ဝန်ထမ်းတွေနဲ့ ပြည်သူလူထုတွေကနေ Weaver ရွေးချယ်မှု (Weaver Choice) (Ruffin Slater မှ တင်သွင်းထားသော အယူအဆတစ်ခု) ပြုလုပ်နိုင်တဲ့ ဝန်းကျင်တစ်ခု ဖန်တီးနေဖို့ ကြိုးစားနေပါတယ်- ဒီရွေးချယ်မှုဟာဆိုရင် ဝန်ထမ်းများခန့်အပ်ခြင်း၊ ဝယ်ယူခြင်းနှင့် လုပ်ငန်းနေရာများ မျှဝေခြင်းတို့မှာ သာတူညီမျှမှုနဲ့ အကျုံးဝင်မှုတို့ကို အထောက်အပံ့ပေးနိုင်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
Weaver Street အပြင်ဘက် လူထု ပါဝင်မှု- ကျွန်မက လက်ရှိအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်ရှိ ကျွန်မဌာနမှာ ဒုတိယ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန််ယူထားပါတယ်။
ကျွန်မရဲ့ ဌာနကတော့ အိမ်ခြံမြေ အဖွဲ့အစည်းဖြစ်ပြီးတော့ ကျွန်မတာဝန်ယူနေတာ အခုဆိုရင်တော့ ငါးနှစ်ရှိပါပြီ။ ဒီဘုတ်အဖွဲ့မှာဆိုရင် ကျွန်မဟာ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များချခြင်း၊ စီးပွားဖက်များနှင့် လူထု ပိုင်ရှင်များထံမှ မှတ်ချက်များကိုထည့်သွင်းစဉ်းစားခြင်းအပြင် ကျွန်မကိုယ်တိုင်နဲ့ ကျွန်မရဲ့ အိမ်နီးချင်းတွေအတွက် ဘေးကင်းပြီး အဆင့်အတန်းမြင့်မားတဲ့ ဝန်းကျင်တစ်ခုအဖြစ် ထိန်းသိမ်းခြင်း လုပ်ငန်းတွေမှာ ပါဝင်ပါတယ်။
- ဘာလို့ ညွှန်ကြားရေးမှူး ဘုတ်အဖွဲ့မှာ တာဝန်ထမ်းဆောင်ချင်တာလဲ။
ဘုတ်အဖွဲ့မှာ ပါဝင်ထမ်းဆောင်ခြင်းဖြင့် Weaver Street Market အသိုက်အဝန်းမှာ ပိုမိုအကျိုးပြုနိုင်ပြီး လွှမ်းမိုးမှုရှိနိုင်တဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာဖို့ပါ။ ပိုင်ရှင် အလုပ်သမား တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဘုတ်အဖွဲ့ဟာ အဖွဲ့ဝင်တွေ ဈေးဝယ်၊ အလုပ်လုပ်၊ စုဝေးတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ကောင်းကောင်း ကိုယ်စားပြုပေးခြင်းဟာ အလွန်အရေးပါတယ်လို့ ထင်ပါတယ်။ ကျွန်မတို့ သမဝါယမလုပ်ငန်း ရှေ့ကိုဆက်ပြီး ချီတက်တာနဲ့အညီ ရှေ့တိုး အကြံဉာဏ်တွေထုတ်ဖော်တာနဲ့ ဆုံးဖြတ်ချက်တွေချတာမှာ ပါဝင်ချင်ပါတယ်။ ကျွန်မတို့ သမဝါယမ လုပ်ငန်းမှ ၎င်းကို တည်ထောင်ခဲ့စဉ်က အခြေပြုခဲ့တဲ့ စံတန်ဖိုးတွေနဲ့ ကိုယ်ကျင့်သိက္ခာတွေကို အမြဲပြောင်းလဲနေတဲ့ အခြေအနေတွေအောက်မှာ ဆက်လက် ပြောင်းလဲဖွံ့ဖြိုးရာမှာလည်း ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ ကူညီပေးဖို့ ကျွန်မရည်မှန်းပါတယ်။ ဒီလုပ်ငန်းမှာ အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ကျွန်မထားရှိတဲ့ သူများနဲ့ မတူတဲ့ အမြင်နဲ့အတူ ကျွန်မရဲ့ လုပ်ငန်းခွင်အတွင်း ကျင့်ဝတ်များ စောင့်သိမှုဟာလည်း ဘုတ်အဖွဲ့ရဲ့ လက်ရှိ လုပ်ငန်းတွေရော၊ ပြည်သူလူထုအတွက်ရော အကျိုးပြုမယ်လို့ ထင်ပါတယ်။
- Weaver Street Market၊ သမဝါယမလုပ်ငန်းတွေ သို့မဟုတ် လူထုဦးဆောင်တဲ့ လုပ်ငန်းငယ်တွေနဲ့ ပတ်သက်ပြီး ဘာအတွေ့အကြုံတွေရှိပါသလဲ။
Weaver Street Market မှာ တာဝန်ထမ်းဆောင်နေတာ ဆယ်နှစ်ရှိပြီဖြစ်တဲ့ လက်ရှိ ဝန်ထမ်းတစ်ယောက်အနေနဲ့ ကျွန်မဟာ လက်ရှိရာထူးဖြစ်တဲ့ ဒေတာ ညှိနှိုင်းရေးမှူးတာဝန်ကိုမထမ်းဆောင်ခင်မှာ ကျွန်မလုပ်ငန်း သက်တမ်းရဲ့ သုံးပုံနှစ်ပုံကို Carrboro မှာရှိတဲ့ အသင့်ပြင်ဆင်ပြီး အစားအစာများ ဌာနမှာ ကုန်ဆုံးခဲ့ပါတယ်။ ဒီလို တာဝန်ထမ်းဆောင်စဉ်မှာ Weaver Street ဆိုင်အမြောက်အများမှာ ဖက်စပ် လေ့ကျင့်သင်ကြားခွင့်ရရှိခဲ့ပြီး ဝယ်ယူသူများနဲ့ ကိုယ်တွေ့ရင်ဆိုင်ပြီး လက်လီရောင်းချခွင့်လည်း ရရှိခဲ့တဲ့အပြင် ကျွန်မတို့ သမဝါယမလုပ်ငန်း ဆက်လက်တိုးတက်ဖို့ကို ဘာတွေလုပ်ဖို့လိုတယ်၊ ဘာလို့တိုးတက်အောင် ပြုလုပ်သင့်တယ် စတဲ့ အကြံပြုချက်တွေကိုလည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။ ကျွန်မရဲ့ လက်ရှိရာထူးမှာ ကျွန်မဟာ ရောင်းချသူများ၊ စိုက်ပျိုးသူများ၊ ဖြန့်ချိသူများနဲ့ ဆက်ဆံမှုတွေကို တိုးမြှင့်ခဲ့ပြီးတော့ သမဝါယမ ထုတ်လုပ်ရေး ဌာမများနဲ့ ကျွန်မတို့ဆိုင်တွေကြားမှာ လစ်လပ်နေမှုများကိုလည်း ဆက်လက် ပေါင်းကူးဖြည့်ဆည်း ပေးနေတဲ့အပြင် ဝယ်ယူသူများနဲ့လည်း ဆက်လက် ဆက်ဆံရေးတွေထိန်းသိမ်းထားပြီး ဝယ်ယူသူများရဲ့ ပါဝင်ပစ္စည်းတွေ၊ ထုတ်ပိုးမှုတွေနဲ့ အာဟာရဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တောင်းဆိုမှုတွေကို ဖြည့်စည်းပေးနိုင်ဖို့လည်း ဆက်လက်ကြိုးစားလျက်ရှိပါတယ်။
- ဘယ်လို အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ အမြင်တွေကို ဘုတ်အဖွဲ့ဆီ ယူဆောင်လာပေးနိုင်မလဲ။
ကျွန်မလုပ်ငန်းတစ်လျောက်မှာ ကျွန်မဟာ ဒီသမဝါယမ လုပ်ငန်းရဲ့ အတွင်းယန္တရားတွေနဲ့ ပတ်သက်ပြီး အမြဲ စိတ်ဝင်စားခဲ့တာပါ။ ဘုတ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်မဟာ ဝယ်ယူသူတွေ၊ ရောင်းချသူတွေ၊ စီမံခန့်ခွဲသူတွေ၊ အုပ်ချုပ်သူတွေနဲ့ နေ့စဉ်ဆက်ဆံရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ သူမတူတဲ့ အမြင်တွေကို ချပြနိုင်မှာပါ။ ဒါဟာ ကျွန်မကို ကုမ္ပဏီကို မတူညီတဲ့ အမြင်များစွာနဲ့ ရှုမြင်နိုင်စေပါတယ်။ ကျွန်မကုမ္ပဏီမှာ တာဝန်ထမ်းဆောင်ခဲ့ချိန်တွေနဲ့ ကျွန်မဘဝတစ်လျောက်လုံးမှာ ကျွန်မခံစားမိတာကတော့ ဘုတ်အဖွဲ့ ကို ကျွန်မအနေနဲ့ ချပြနိုင်မယ့် အရေးပါတဲ့ အရည်အချင်းတွေမှာ အဖွဲ့လိုက်ဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ ဇွဲကောင်းခြင်းတို့ ပါဝင်မယ် ဆိုတာပါပဲ။ အိမ်ခြံမြေ အသင်းမှာ ကျွန်မတာဝန်ထမ်းဆောင်နေစဉ်မှာလည်း ဒီအရည်အချင်းတွေဟာ အပြုသဘောဆောင်သော ပြောင်းလဲမှုများ၊ အောင်မြင်စွာ အကြံဉာဏ်ထုတ်ဖော်နိုင်ခြင်းများနှင့် ခက်ခဲသော်လည်း လုပ်ဆောင်ရန် လိုအပ်သည့် လုပ်ငန်းများကို ပြီးစီးအောင်လုပ်ဆောင်နိုင်ခြင်း စတာတွေကို အဆင့်မြှင့်တင်ရန်အတွက် မရှိမဖြစ် လိုအပ်ကြောင်း တွေ့ခဲ့ရပါတယ်။ လုပ်ငန်းခွင်အတွင်းနဲ့ ဘဝတစ်လျောက်လုံးမှာ အလုပ်ခွင်အတွင်းသို့ ပွင့်လင်းသော စိတ်ဓာတ်၊ ဘုံရည်မှန်းချက်အတွက် အဖွဲ့နှင့် ပူးတွဲ လုပ်ဆောင်လိုခြင်းစိတ်ဓာတ်တို့ဖြင့် လာခြင်းမှာ အောင်မြင်မှုရရှိစေရန် ပံ့ပိုးပေးသော အချက်ဖြစ်ပါသည်။ ဘုတ်အဖွဲ့ဝင်တွေ၊ ဘုတ်အဖွဲ့ကြောင့် တိုက်ရိုက် အကျိုးသက်ရောက်မှု ခံရသူတွေနဲ့ ကျွန်မတို့ဆိုင်တွေ ရှိနေတဲ့ ဝန်းကျင်တွေက လူ့အဖွဲ့အစည်းတွေအားလုံးမှ ပြောကြားချက်တွေကို နားထောင်ပေးနိုင်တဲ့ နားတစ်စုံနဲ့ ကျွန်မရဲ့ ဆောင်ရွက်ပေးမယ့်လုပ်ငန်းတွေနဲ့ ပံ့ပိုးပေးထားမယ့် နေရာတစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်။
- အခြားလူတွေကို သိစေချင်တဲ့ ခင်ဗျားအကြောင်းတွေရှိသေးရင် ပြောပါဦး။
ကျွန်မကိုသာခွင့်ပြုမယ်ဆိုရင် Weaver Street Market အတွက် ကျွန်မ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ပေးချင်ပါတယ်။ ကျွန်မတစ်ဘဝလုံးမှာ ကျွန်မ စိတ်အားထက်သန်ရာဖြစ်တဲ့ လူတွေကို ကူညီခြင်းလုပ်ငန်းကို ကျွန်မမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ အတွေ့အကြုံတွေကိုသုံးပြီး ပြုလုပ်ခဲ့ပါတယ်။ ကျွန်မ လူတွေကို ချစ်တယ်ဆိုတာ ကျွန်မနဲ့ ရင်းနှီးသူတိုင်း သိပါတယ်။ ဒီကပ်ရောဂါကြီး မစခင်ကဆိုရင် စနေ၊ တနင်္ဂနွေတွေမှာ ကျွန်မအိမ်ကို ရှာချင်တယ်ဆိုရင် ကျွန်မအိမ်နောက်ဖေးက ထွက်လာတဲ့ ကောလိပ်က ကျွန်မရဲ့ မိန်းကလေး သူငယ်ချင်းတွေနဲ့ ကျွန်မတို့ အကင်တွေကင်၊ အလုပ်ကပင်ပန်းတာတွေ ဖြေဖျောက် စကားပြောရာကနေထွက်လာတဲ့ ရယ်သံ အကျယ်ကြီးတွေနောက်ကို လိုက်လာရုံပါပဲ။ ကျွန်မ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံနေတာမဟုတ်ဘူးဆိုရင် ကျွန်မတစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာ ကျွန်မဟာ မီးဖိုချောင်ထဲမှာ နောက်ခံ ပန်းလတ်လတ်ဆတ်ဆတ်တွေထားပြီး လေထဲမှာ သီချင်းသံလေးတွေ ပြန့်လွင့်ပြီး ဟင်းချက်နည်းအသစ်တွေ စမ်းသပ်နေတတ်ပါတယ်။ နေ့တိုင်းနေ့တိုင်းမှာ ကျွန်မဟာ စပိန်စကားကို ပိုမိုနားလည်စေဖို့လည်း နည်းလမ်းတွေ ကြိုးစားရှာဖွေချက်ရှိပါတယ်။ ဒါမှ ကျွန်မ စိတ်အားထက်သန်ရာဖြစ်တဲ့ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ အတွက် အစားအစာရှားပါးမှုကို တိုက်ထုတ်နိုင်ရန်နဲ့ ဖယ်ကြဉ်ထားခြင်းခံရတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ကျန်းမာရေး တိုးတက်လာစေရန်အတွက် အရင်းအမြစ်တွေ ရရှိစေမှုမှာ ပေါင်းကူးတစ်ခုအနေနဲ့ ဆက်လက် ရပ်တည်နိုင်မှာပါ။
